ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်၊ မြောက်ဥက္ကလာ
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်(၂)၊ သုဇိတာ (၁၃)လမ်းမှာ နေထိုင်တဲ့ အိမ်ခြေ ၅၀ ကျော်ကို ကျူးကျော်မြေဆိုပြီး အာဏာပိုင်တွေက ဖယ်ရှားခိုင်းခဲ့တယ်လို့ အဲဒီနေရာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒေသခံတွေဟာ အဲဒီနေရာမှာ အခြေချနေထိုင်လာတာ နှစ်ပေါင်း ၄၀ ကျော်ကြာ ရှိပြီဖြစ်ပြီး အာဏာပိုင်တို့ရဲ့ စီမံချက်ကြောင့် ဖယ်ရရင် သက်ကြီးရွယ်အိုနဲ့ ကလေးအပါအဝင် လူဦးရေ ၂၀၀ ကျော် ၃၀၀ နီးပါးက အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီနေရာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက “အစက ချောင်းမှာ အမှိုက်ရှိလို့ဆိုပြီး ဖယ်ခိုင်းတာ။ ရေစီးရေ အဆင်မပြေဘူးတဲ့။ အဲနောက် ကျမတို့လည်း တစ်အိမ်ကိုတစ်ယောက် ခေါ်ပြီး ရေမြောင်းသန့်ရှင်းရေးလုပ် အမှိုက်တွေ ဖယ်ရှားတယ်။ လာကြည့်ပြီးမှ အဆင်ပြေတယ်ဆိုပြီး နောက်ရက်က စာပို့လာတယ်။ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး အကုန်ဖယ်ရမယ်လို့ပြောတယ်။ အခုထိတော့ သူတို့လာမကြည့်သေးဘူး။ တကယ်လို့ မဖယ်ရင် အင်အားသုံးပြီး ရှင်းလင်းဖယ်ရှားမယ်တဲ့။ ကျမတို့လည်း မနေရဲတော့ အခုလမ်းဘေးမှာဘဲ နေရအိပ်ရတယ်။ အသက် ၇၀ ကျော် ၈၀ အဘိုးအဘွားတွေ ပါတယ်။ မိုးရွာလည်း အဲအတိုင်းပဲ အိပ်ရတယ်။ ကလေးငယ်တွေလည်းပါတယ်” လို့ ပြောပါတယ်။
သုဇိတာ ၁၃ လမ်းမှာ နေထိုင်တဲ့ ဒေသခံအများစုဟာ နေ့စားအလုပ်ကိုသာ အဓိက အားထားပြီးတော့ လုပ်ကိုင်နေကြပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ကြတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျမတို့ လိုချင်တာ တရားမျှတမှုပါဘဲ။ တချို့နေရာမှာ ကျူးကျော်မြေတွေပဲ။ မဖယ်ခိုင်းဘဲနဲ့ ကျမတို့ကို ဖယ်ခိုင်းတာတော့ မတရားဘူး။ ဒီမှာနေတဲ့လူတွေက အဆင်မပြေတဲ့လူတွေပဲ။ နေ့စားအလုပ်တွေပဲ အားကိုးရတာ ဘာအလုပ်မှ မရှိဘူး။ စားစရာက မရှိပါဘူးဆို အခု အိမ်ငှားမယ်ဆိုလည်း မတတ်နိုင်ဘူး။ အိမ်ငှားတွေလည်း အရင် ၁ သိန်းခွဲဆိုရင် အခု ၂ သိန်း၊ ၃ သိန်း။ အိမ်ဆိုရင် ၄ သိန် းရှိပြီ။ အဲလောက်ပိုက်ဆံ ကျမတို့က မတက်နိုင်ဘူးလေ”
အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ ဇွန်လ ၁၇ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပြောင်းရွှေ့ခဲ့ရတဲ့ နေအိမ် ၅၀ ကျော်အတွက် အစားထိုးနေထိုင်ဖို့ မြေနေရာ ချထားပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အလားတူ စစ်တပ်ထိန်းချုပ်မှုအောက် ရှိနေတဲ့ ပြင်ဦးလွင်မြို့မှာလည်း အခုလို ကျူးကျော်နယ်မြေဆိုပြီး စစ်တပ်က ဖယ်ရှားပစ်တဲ့ ဒေသခံတွေရဲ့နေအိမ် ရာနဲ့ချီရှိကြောင်း ဒေသခံတွေဆိက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။