မြတ်နိုး၊ ဇွန်လ ၁၉ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူရွာမှာ ဒီနေ့ ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်က စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းဘက်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်နက်ကြီးဟာ ဆိပ်မူရွ၊ ဆိုင်းတောင်ရပ်ကွက်(၄)အတွင်းရှိ Asia Auto ကားဝပ်ရှော့အနီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးအနက် တစ်ဦးက ခါးပိုင်းထိမှန်ဒဏ်ရာ ရရှိကာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
“Asia Auto ဝပ်ရှော့ထဲ ကျတာဟုတ်တယ်။ အရပ်သားနှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ အဆိုပါ လက်နက်ကြီးဟာ ဖားကန့်ဗျူဟာကုန်းဘက်ကနေ ပစ်ခတ်လိုက်တာဖြစ်ပြီး ပေါက်ကွဲချိန်မှာ အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားနေခြင်း မရှိဘူးလို့ သိရပါတယ်။
“နေ့လယ် ၁၂ နာရီလောက်မှာ ကျတာပါ။ ဗျူဟာကုန်းပေါ်က လှမ်းပစ်တာလို့ သိရတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ပေးနေပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နှစ်ကစပြီး စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွားနေပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း ဆိပ်မူရပ်ကွက် (၃)အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးကာ လူ ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။