ဝတ်မှုံ၊ ဧပြီ ၂၀ ရက်၊ ကွတ်ခိုင်
တအာင်းတပ်-TNLAထံ ကိုးကန့်တပ်-MNDAAက ပြန်လည်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က တအာင်းရွာအဝင်ဆိုင်းဘုတ်တွေမှာ ကိုးကန့်တပ် MNDAA က တရုတ်စာတွေအဖြစ် ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီပထမအပတ်က တအာင်းစာနဲ့ အလံပုံစံဆေးချယ်ထားတဲ့ တအာင်းရွာအဝင်ဆိုင်းဘုတ်တွေကို ကိုးကန့်တပ်ဘက်က အဖြူရောင်ဆေးလိုက်ချယ်ပြီး ဧပြီဒုတိယအပတ်မှာ အဖြူရောင်ဆေးချယ်ထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေမှာ တရုတ်စာနဲ့ မြန်မာစာ လိုက်ရေးခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“တရုတ်စာတွေလိုက်ရေးတဲ့သူက ကာလိုင်ရွာသူကြီးပဲလေ။ သူပြောတာတော့ သူ့အနေနဲ့လည်း ဒီလိုတွေမရေးချင်ဘူးတဲ့။ အထက်က ခိုင်းလို့လုပ်ရတာပါတဲ့။ သူတို့ရဲ့ တိုက်နယ်မှူးက လုပ်ခိုင်းတာတဲ့။ အခုစာလာရေးတာတော့ သူတစ်ယောက်ထဲပဲ အရပ်ဝတ်နဲ့ပဲလာတာ။ သူတို့ဆေးလာချယ်တုန်းကတော့ သူနဲ့အတူ စစ်သားနှစ်ယောက်လည်းပါလာတယ်။ သေနတ်အပြည့်အစုံနဲ့လာတာ”
ပန်လော့၊ ဟိုဆိုင်၊ လုံကိန်၊ ကုန်းချမ်း၊ ဟိုနောင်၊ နမ့်လတ်၊ တုံဆင်ကြီး၊ မန်တုံ၊ ပန်ကူ၊ ပန်ဆေး၊ မန်မောဝ် စတဲ့ကျေးရွာအဝင်ဆိုင်းဘုတ်တွေမှာ တရုတ်စာနဲ့ မြန်မာစာလိုက်ရေးထားတာဖြစ်ပါတယ်။
အခုလို တအာင်းရွာအဝင်ဆိုင်းဘုတ်တွေမှာ တအာင်းစာအစား တရုတ်စာရေးတာဟာ လူမျိုးတစ်ခုရဲ့ စာပေနဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖျက်ဆီးနေတာဖြစ်ပြီး တအာင်းလူမျိုးတစ်ယောက်အနေနဲ့လည်း လုံးလက်မခံဘူးလို့ ဒေသခံ ကွတ်ခိုင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လက်မခံနိုင်ပါဘူး။ သူများရဲ့ စာပေကိုလည်း စော်ကားရာကျတယ်။ မလေးစားရာကျတယ်။ သူများလူမျိုး၊ သူများအမှတ်သင်္ကေတကို ဖျက်ဆီးတယ်ဆိုတော့ စိတ်တော့မကောင်းဘူးပေါ့။ မဖြစ်သင့်ဘူးပေါ့။ တန်းတူအခွင့်အရေးလို့ စည်းရုံးရေး ဆင်းနေတာ သူတို့ပြောသွားတဲ့ စကားလုံးတွေနဲ့ သူတို့လုပ်နေတဲ့ လုပ်ရက်တွေက တစ်လွဲစီဖြစ်နေတာ။ ပြောတော့ တန်းတူအခွင့်အရေးရှိအောင် အုပ်ချုပ်မယ်။ အမှန်ဆိုရင် အဲလိုမျိုးဆို သူများရဲ့စာပေ သူများရဲ့ ယဥ်ကျေးမှုကို သူတို့လေးစားမှုရှိရမယ်။ ပြောတာတော့ ပြောပြီးတော့ လက်တွေ့မှာတော့ မကောင်းဘူးပေါ့။ ဒီလိုဖျက်ဆီးနေတာ။ သူများရဲ့ ရွာဆိုင်းဘုတ်တွေ အခုတအာင်းရွာဆိုလည်း တရုတ်စာတွေနဲ့ဆိုတော့ မဖြစ်သင့်ဘူးလေ။ တရုတ်ပြည်လည်းမဟုတ်ဘူး”
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် လမ်းစဉ်ကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပြီး တိုင်းရင်းသားအားလုံးကို ခွဲခြားဆက်ဆံမှာမဟုတ်ပဲ တန်းတူညီမျှရေးကို အလေးထားသွားမယ်လို့ ဖော်ပြထားသလို စည်းရုံးရေးဆင်းချိန်မှာလည်း တိုင်းရင်းသားအားလုံးကို တန်းတူဆက်ဆံမယ်လို့ ဆိုထားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။