မိုင်းရူပ၊ သြဂုတ် ၂၃ ရက်၊ ကျောက်မဲ
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ပိန်ကျေးရွာထဲအထိ ရောက်လာလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒီနေ့ သြဂုတ် ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ပိန်ရွာ ရထားလမ်းအထိ ရောက်လာပြီး နောင်ပိန်ကျေးရွာမှာ ငွေကြေးအခက်အခဲကြောင့် ရွာထဲ ကျန်နေတဲ့ အမျိုးသားတစ်ဦးကို စစ်တပ်ဘက်က ပစ်သတ်သွားခဲ့ပါတယ်။
“စစ်တပ်က နောင်ပိန်သံလမ်းဘက် ရောက်လာပြီ။ အဲမှာ ပစ်နေကြတယ်။ အမျိုးသားတစ်ယောက်ကို ပစ်သတ်သွားတယ်။ အဲလူက ပိုက်ဆံမရှိလို့ ထွက်မရှောင်တော့တာ” လို့ နောင်ပိန်ကျေးရွာခံ အမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ နောင်ပိန်ရွာအနီးရှိ ဇီးပင်ကျေးရွာမှာ နေထိုင်သူဖြစ်ကာ တိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာထဲ စစ်ရှောင်လာကြရင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာ နောင်ပိန်စျေးအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကစပြီး စစ်ကောင်စီ စစ်ကြောင်းဟာ နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်ကနေ ရှမ်းပြည်တပ်မတော် – SSPP တပ် အခြေချလှုပ်ရှားတဲ့ ထန်းတပင်ရွာဘက် လမ်းကြောင်းကနေ ထိုးစစ်ဆင်လာပြီး ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။