မိုင်းရူပ၊ သြဂုတ် ၂၃ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ရွှေဖီမြေက သိရပါတယ်။
ဒီနေ့ သြဂုတ် ၂၃ ရက် နေ့လည် ၃ နာရီခွဲဝန်းကျင်မှာ ကွန်စလမ်းကျေးရွာထဲကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ပေါင် ၅၀၀ နဲ့ လာကြဲတာ သွားတာ။ ထိခိုက်မှုတော့ များတယ်။ ထိခိုက်တဲ့သူတွေ ရေတွက်နေတုန်းပဲ။ အတိအကျ မသိရသေးဘူး” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွန်စလမ်းဘုန်းကြီးကျောင်းဆောင်အားလုံးနီးပါးပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူ အတိအကျကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ ဓာတ်ပုံတွေထဲမှာ ရုပ်ပြတ်ဆင်းပြတ် သေဆုံးနေတဲ့ အလောင်းတွေလည်း တွေ့ရပါတယ်။
ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီးမှာတော့ စစ်တပ်နဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။