ယာရူစိင်၊ ဩဂုတ် ၂၃ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ပေါက်မြို့နယ် ဆယ်ဝရွာကို စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “လေယာဉ် ၂ စီးနဲ့ လာကြဲသွားတာပါ။ သေဆုံးတာလည်း ဒေသခံတွေပါ။ ဒဏ်ရာရတာကလည်း အများကြီးရကြတာပါ။ သေဆုံးတဲ့အထဲမှာ ကလေးငယ် ၁ ယောက်ပါဝင်နေခဲ့ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူတာတွေအပြင် နောက်ထပ် ၁၀ ဦးထက်မနည်းလည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်ကလည်း မြိုင်နဲ့ ပေါက်မြို့နယ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်ကတည်း ပေါက်မြို့နယ် စံဖဲရွာမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိူင်လ ၁၅ ရက်ကလည်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နသတ်ရွာကို စစ်တပ်က ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။