မြတ်နိုး၊ ဩဂုတ် ၂၁ ရက်၊ ဗန်းမော်
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကားတစ်စီးကို မနေ့ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ဖျက်ဆီးနိုင်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဩဂုတ်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ခန့်က ဗန်းမော်မြို့ထဲ တွေ့ကရာ လိုက်ပစ်ထည့်နေတဲ့ စစ်ကော်မရှင်ရဲ့ သံချပ်ကာကားတစ်စီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့တယ်” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIA, KPDF, GPDF နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ စတဲ့တော်လှန်ရေးတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့စုံက ဖျက်စီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဗန်းမော်မြို့ သိမ်တော်ကြီးရှေ့က စစ်ကော်မရှင်ရဲ့ သံချပ်ကာတစ်စီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်” လို့ နောက်ထပ် ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဩဂုတ် ၁၈ ရက်ကလည်း ဗန်းမော် နောင်ခို၊ မင်းလှ၊ ရွှေကျီးနားဘက် လှုပ်ရှားလာတဲ့ စစ်တပ်ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ စကခ ၂၁ တပ်ထဲ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြပြီး စစ်ကောင်စီတပ်ရဲ့ အလောင်း၊ သုံ့ပန်း၊ လက်နက်တွေလည်း ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
စစ်တပ်ဘက်က ဒရုန်း၊ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်နေပေမဲ့ မြေပြင်မှာ အမတ ၃၆၆ ကလွှဲလို့ စစ်ကောင်စီတပ်ဘက်က ထိုးလာသမျှ စစ်ကြောင်းတွေ ပျက်နေကြောင်း ရှေ့တန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။