မိုင်းရူပ၊ သြဂုတ် ၂၀ ရက်၊ ကျောက်မဲ
စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ် စစ်ကြောင်းဟာ အထက်ရဲရွာစီမံကိန်းဘက်ကနေ မနေ့ သြဂုတ် ၁၉ ရက်မှာ စစ်ကြောင်း ထိုးလာတာဖြစ်ပြီး နောင်ပိန်ရွာအနီး ထန်းတပင်ရွာဘက် ရောက်ရှိလာကာ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက ပြင်းထန်နေတယ်။ အခု စစ်တပ်က ထန်းတပင်ရွာနဲ့ အဲရွာအကျော် စေတီမှာ တပ်စွဲထားတယ်။ စစ်တပ်က ဆက်တိုက် ထိုးနေတာ။ ဂျက်ဖိုက်တာနဲ့လည်း ကြဲနေတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နောင်ပိန်ရွာနဲ့ အနီးဝန်းကျင်မှာ ရှမ်းတပ်မတော်- SSPP သွားလာလှုပ်ရှားတဲ့နေရာဖြစ်ပြီး မနေ့ သြဂုတ် ၁၉ ရက်မှာ စစ်တပ် စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် ထန်းတပင်ရွာနဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ SSPP တပ်ဖွဲ့ဝင်တွေ မတွေ့ရတော့ဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုလည်း ရှိနေပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။
တိုက်ပွဲတွေကြောင့် နောင်ပိန်ရွာနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အနီးအနားက ဒေသခံအများစုဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။
ကျောက်မဲနဲ့ မိုးကုတ်ဘက် ဦးတည်တဲ့ စစ်ရေး ပြင်ဆင်မှု ပြုလုပ်လာပြီး နောင်ချို-မိုးကုတ်လမ်းပိုင်းပေါ်ရှိ ဒိုးပင်ရွာအကျော်ကို ရောက်ရှိနေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။