မိုင်းရူပ၊ သြဂုတ် ၁၉ ရက်၊ ဒီးမော့ဆို
ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့ထဲ စစ်တပ်ဘက်က စစ်ကြောင်း ထိုးနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒီးမော့ဆိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ၁၀၂ နဲ့ ခြေမြန်တပ်ရင်း ၄၂၇ ကနေ ဒီးမော့ဆိုမြို့ထဲ စစ်ကြောင်းထိုး တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
“စစ်တပ်ဘက်က ဒီးမော့ဆိုမြို့ကို ပြန်ရချင်တဲ့သဘော တွေ့ရတယ်။ ၁၀၂၊ ၄၂၇ တပ်ဘက်ကနေ ထိုးနေတာ” လို့ ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ဘက်က ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်ကနေ ဒီးမော့ဆိုမြို့နယ်ထဲ စစ်ကြောင်း ထိုးလာတဲ့ စစ်တပ် စစ်ကြောင်းဟာ အရပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ မနေ့ သြဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် KNDF က ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အတိုင်း လွိုင်ကော်-ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စု လမ်းမကြီးပေါ် ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဒီးမော့ဆိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန် ၁၁၁၁ စစ်ဆင်ရေးအတွင်း KNDF နဲ့ ပူးပေါင်းတပ်ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တာဖြစ်ပြီး မြို့အပြင်မှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၀၂ နဲ့ ခမရ ၄၂၇ ကိုတော့ သိမ်းပိုက်နိုင်ခြင်း မရှိပါဘူး။
စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ့် ဒေသတွေထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထည့်သွင်းထားတာ တွေ့ရပြီး စစ်တပ်က ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တာ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။