ပို့လဘား၊ ဩဂုတ် ၁၉ ရက်၊ နောင်ပိန်
နောင်ချိုမြို့ကနေ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံးပြီး ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်းကစပြီး နောင်ချိုမြို့ကနေ နောင်ပိန်အနီးရှိ လုံကြိမ်နဲ့ ကျောင်းကုန်းရွာဘက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“အခုလည်း ရွာနဲ့ နည်းနည်းဝေးတဲ့ဘက်တွေမှာ ၄ ချက်၅ ချက် အတွဲလိုက် ထုလာကြတယ်။ ပြေးတဲ့သူလည်း ပြေးကုန်ကြပြီ။ မနေ့က မိန်းပရိယတ္တိစာသင်တိုက်ပေါ် ကျသွားလို့ ကိုရင်တပါး ရင်ဘတ် ထိတယ်။ ဒီမနက် သူ့ကို လားရှိုး ပို့လိုက်ပြီ”
ဒီနေ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာလည်း စစ်တပ်က နောင်ချိုမြို့ကနေ နောင်ပိန်ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နောင်ပိန်ဒေသခံတွေက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကလည်း နောင်ပိန်ရွာဘက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး နောင်ချိုကနေ စစ်ရှောင်လာတဲ့ ဒေသခံ ၅ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။