ပို့လဘား၊ ဩဂုတ် ၁၉ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်တပ်က ဦးဆောင်ပြီး ဒေသခံတွေကို တအာင်းတပ်မတော်- PSLF/ TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA ကို အလိုမရှိကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခိုင်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီမှာ တောင်ကြီးမြို့ အေးသာယာရပ်ကွက်က စစ်တပ် ထောက်ခံသူနဲ့ တောင်ကြီးမြို့ပေါ်က ကျောင်းကြီးစု၊ ကံကြီးဘက်မှာ ဒေသခံတွေကို အတင်းအဓမ္မခေါ်ပြီး TNLA နဲ့ MNDAA ဟာ ရှမ်းမြောက် သီပေါ၊ ကျောက်မဲ၊ သိန္နီမြို့ကနေ အမြန်ဆုံး ထွက်ခွာပေးဖို့ ပါဝင်ဆန္ဒပြခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “တောင်ကြီးက ဘောလုံးကွင်းကနေ မိန်းလမ်းတိုင်း စူဠာမုဏိအထိ ဆန္ဒပြခိုင်းတယ်။ အကုန်လုံး ရှမ်းလူမျိုး မဟုတ်ဘူး။ အခုဆန္ဒပြတဲ့သူတွေက လူမျိုးဆိုတာထက် စစ်တပ်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)တွေပေါ့။ ရှမ်းရိုးရာဝတ်စုံဝတ်ပြီး ပြခိုင်းတာ။ အများစုက အောင်သပြေရပ်ကွက်နဲ့ အေးသာယာကလူတွေ များတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်း၊ လွိုင်လင်နဲ့ နမ့်စန်မြို့မှာလည်း TNLA နဲ့ MNDAA ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ လူထုတွေကို ပြုလုပ်ခိုင်းခဲ့တယ်လို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။
TNLA နဲ့ MNDAA ဆန့်ကျင်ဆန္ဒပြပွဲဟာ ရှမ်းပြည်သူလူထုဆန္ဒ မဟုတ်ဘဲ စစ်တပ်ရဲ့ တိုင်းရင်းသားအချင်းချင်းကြား သွေးကွဲစေဖို့ လုပ်ဆောင်ချက်သာဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော်- RCSS/SSA က ထုတ်ပြန်ပါတယ်။
စစ်တပ် ကျင်းပတဲ့ ဆန္ဒပြပွဲကို ပါဝင်တဲ့ လူထုတွေကိုလည်း နိုင်ငံရေး အသုံးချခံသူတွေသာဖြစ်ပြီး ဒီဆန္ဒပြပွဲဟာ ရှမ်းပြည်သူလူထုသဘောဆန္ဒ မပါဝင်ကြောင်း၊ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သျှမ်းလူငယ်ကွန်ဂရက်- DYC ကလည်း မနေ့ သြဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ အရင်က စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ သွေးခွဲဖိနှိပ် အုပ်ချုပ်ရေးစနစ်သာဖြစ်ပြီး ဒီဆန္ဒပြပွဲမှာလည်း ရှမ်းပြည်ဌာနေ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာကို ထင်ရှားနေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။