မိုင်းရူပ၊ သြဂုတ် ၁၈ ရက်၊ လားရှိုး
ကိုးကန့်တပ်မတော်- MNDAA ဘက်က ယာယီ တည်ဆောက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှောင်လမ်းတံတား ကျိုးကျပျက်စီးပြီး ကားနဲ့ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ သိရပါတယ်။
ဒီနေ့ သြဂုတ် ၁၈ ရက် မနက်အစောပိုင်းမှာ သံထည်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးဟာ တံတားပေါ်ကနေ ဖြတ်သန်းနေစဉ် တံတားကျိုးကျပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ပျက်စီးသွားတဲ့ တံတားကို ကိုးကန့်တပ်ဘက်က ပြုပြင်ဖို့ လုပ်ဆောင်နေတာ တွေ့ရပြီး ဖြတ်သန်းသွားလာခွင့် ပြန်ရဖို့ ရက်နဲ့ချီ ကြာနိုင်တယ်လို့ သိရပါတယ်။
လားရှိုး မြို့သိမ်းတိုက်ပွဲအတွင်း လားရှိုးမြို့ရှောင်လမ်းမှာရှိတဲ့တံတား မိုင်းခွဲဖျက်ဆီးခံရပြီး မြို့သိမ်းတိုက်ပွဲပြီးတဲ့နောက် ယာယီ ဖြတ်သန်းနိုင်ဖို့ ကိုးကန့်တပ်ဘက်က ယာယီတံတား ပြုလုပ်ပေးခဲ့တာပါ။
လက်ရှိ လားရှိုးမြို့ကို စစ်တပ်ဘက်က ပြန်ထိန်းချုပ်ထားပြီး လုံခြုံရေး စိုးရိမ်ချက်ကြောင့် လားရှိုးမြို့ရှောင်လမ်းကိုသာ ကားသမားတချို့က အဓိက အသုံးပြုကာ ဖြတ်သန်းသွားလာနေကြတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။