ယာရူစိင်၊ ဩဂုတ် ၁၁ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဖခင်ဖြစ်သူက ကလေး ၃ ဦးကို ကြွက်သတ်ဆေးတိုက်ခဲ့သလို သူကိုယ်တိုင်လည်း ကြွက်သတ်ဆေးထပ်သောက်ခဲ့လို့ အားလုံး သေဆုံးသွားခဲ့ရတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က လားရှိုးမြို့ ရပ်ကွက် ၇ မှာ မိခင်ဖြစ်သူက အပြင်သွားနေချိန် ဖခင်ဖြစ်သူဟာ အိမ်မှာကျန်ရှိနေတဲ့ ကလေးငယ်တွေကို ကြွက်သတ်ဆေးတိုက်ပြီးနောက် သူကိုယ်တိုင်လည်း ပြန်သောက်ခဲ့တာ ဖြစ်ပါတယ်။
“သူတို့အမေ အပြင်သွားနေတဲ့အချိန်အတွင်းမှာ သူတို့ကလေးကို ကြွက်သတ်ဆေးတိုက် အရင်လိုက်တာပါ။ သူတို့ အသက်မရှိတော့တာကို သူ့ မိန်းမပြန်လာမှသိတာ။ အရေးပေါ်ကားတွေမနေ့ကတည်း တင်သွားတယ်။ စိတ်ညစ်စရာတွေ များနေလို့ထင်တယ်။ ကလေးတွေလည်း ကျောင်းတက်နေတဲ့ အရွယ်တွေပါ။ ဘယ်လိုဖြစ်ဖြစ် ကျန်ရစ်ခဲ့ရသူအတွက် စိတ်မကောင်းပါဘူး”လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကလေးငယ် ၃ ဦးဟာ အသက် ၁၂ နှစ်အရွယ်၊ ၁၀ နှစ်အရွယ်နဲ့ ၈ နှစ်အရွယ်ဝန်းကျင်တွေ ဖြစ်ကြပါတယ်။
အခုဖြစ်စဉ်ဟာ အကြွေးတင်နေတဲ့ ကိစ္စနဲ့ဆက်စပ်တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောကြပေမယ့် ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။