မိုင်းအရှိုင်း၊ ဩဂုတ် ၄ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီးရှိ မုံပြင်လေးကျေးရွာက အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်သွားတယ်လို့ သိရပါတယ်။
မုံပြင်လေးကျေးရွာအနီးကို အင်အား ၂၀၀ ကျော်နဲ့ စခန်းလာချတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်မှာ အဆိုပါ မိန်းခလေးငယ်ကို အဓမ္မပြုသွားတာလို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မုံပြင်လေးဘက်မှာ အင်အား ၂၀၀ ကျော် အဲရွာတွေဘက်ကို တပ်စွဲပြီး ဇူလိုင် ၂၉ ရက်တုန်း မိန်းကလေးတစ်ယောက်ကို စကစတပ်သားက မုဒိန်းကျင့်တယ်”လို့ ဆိုပါတယ်။။
ဒါ့အပြင် မုံပြင်လေးကျေးရွာတစ်ဝိုက်ရှိ ကျေးရွာခံတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးနှိပ်ဆက်တာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲအခြေအနေတွေကို သိရှိသူတစ်ဦးက “အဖွဲ့အစည်းကို ထောက်ခံတဲ့သူတွေနဲ့ အဖွဲ့ထဲ ၀င်ထားတဲ့ မိသားစုတွေကို ဖမ်းဆီး နှိပ်စက်နေတာပါ။ ဓနုရွာဆိုတော့ DPLA နဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်ရင်ထင်သလို ဆွဲပြီး နှိပ်စက်တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်မှာလည်း စစ်ကောင်စီတပ်သားတွေက နောင်ချိုမြို့နယ် လုံစံကျေးရွာခံ အမျိုးသားတစ်ဦးကို နေအိမ်က မိသားစုဝင်တွေရဲ့ ရှေ့မှာတင် ပစ်သတ်သွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီးချိန်ကစပြီး ဝါဒဖြန့်တာတွေ စည်းရုံးတာတွေ ဆက်တိုက်လုပ်ဆောင်လာနေပြီး စည်းရုံးရာမှာ ခြိမ်းခြောက်တာ၊ ငွေပေးတာ၊ နှိပ်စက်တာ စတဲ့နည်းလမ်းမျိုးစုံ အသုံးပြုနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။