လွေးလာဝ်ဇာရ်၊ ဩဂုတ် ၄ ရက်၊ ကျောက်မဲ
ဒီနေ့ ဩဂုတ်လ ၄ ရက် မနက် ၁၀နာရီ ခွဲကျော်မှာ စစ်ကောင်စီတပ် လာရောက်ဗုံးကြဲခဲ့တဲ့ ကျောက်မဲမြို့ ရပ်ကွက် (၆) မှာ ဒေသခံအမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အေးဝင်း (၆၀ နှစ်)၊ မိမိသွေ (၂၉ နှစ်)နဲ့ မိမိယာဉ် (၃၈ နှစ်) ဆိုသူတို့ ထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး နောက်ထပ် နေအိမ် (၄)အိမ်လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက “၃ ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ခေါင်းထိတယ်။ တစ်ယောက်က ခြေထောက်။ တစ်ယောက်က ဗိုက်ထိတယ်။ နေအိမ်တွေလည် ပျက်စီးတယ်။” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လူစည်ကားရာနေရာဖြစ်တဲ့ စည်ပင်သာယာရေးရုံးနဲ့ ဈေးသစ်အနီးဝန်းကျင်မှာ ဂျက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ ဩဂုတ် ၃ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်မှာလည်း တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းဟောင်းဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၃) တပ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ တစ်လအတွင်း ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။