ပို့လဘား၊ မိုင်းအရှိုင်း၊ သြဂုတ် ၄ ရက်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဒီနေ့ ဩဂုတ်လ ၄ ရက် မနက် ၁၀နာရီ ခွဲကျော်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့တွင်းက လူစည်ကားရာနေရာဖြစ်တဲ့ စည်ပင်သာယာရေးရုံးနဲ့ ဈေးသစ်အနီးဝန်းကျင်မှာ ဗုံးကျရောက် ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တစ်လုံးကြဲသွားတာ။ စည်ပင်ရုံးဖက်ကျတယ်။ ဈေးသစ်နားလေးက။ လူအထိအခိုက်ကတော့ ရှိနိုင်တယ်။ လောလောဆယ်တော့ ဘာမှသိရသေးဘူး”လို့ ဆိုပါတယ်။
ထိခိုက်ပျက်စီးတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
မနေ့ ဩဂုတ် ၃ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်မှာလည်း တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲကပ်ရပ်က သီပေါမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းဟောင်းဖြစ်တဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၃) တပ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။