မိုင်းရူပ၊ သြဂုတ် ၂ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ရပ်ကွက်(၂) ရှိ နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ ဦးဇင်းတစ်ပါးက ခြုံရှင်းနေစဥ် မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ သြဂုတ် ၂ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်မှာ သက်တော် ၄၂ နှစ်ရှိဖြစ်တဲ့ ဦးဇင်း ဦးနန္ဒက ဘုန်ကြီးကျောင်းအနီး ခြုံရှင်းနေစဥ် မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
“ဦးဇင်းက ကျောင်းဘေးမှာ ခြုံတွေရှင်းနေတဲ့အချိန် မိုင်းနင်းမိတာ။ ညာဘက်တစ်ဖက် ပြတ်သွားတယ်” လို့ ကျောက်မဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိမှာတော့ ဦးနန္ဒကို ဆေးကုသနိုင်ဖို့အတွက် လားရှိုးဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
ကျောက်မဲမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နတ်စစ်လင်းဘုန်ကြီးကျောင်းထဲ တပ်စွဲခဲ့တဲ့နေရာဖြစ်ပြီး အခုမိုင်းဟာလည်း ၎င်းတို့ ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ နောက်ထပ် ကျောက်မဲဒေသခံတစ်ဦးက ဆိုပါတယ်။
ရှမ်းမြောက်မှာ မြေမြုပ်မိုင်းနဲ့ လက်နက်အကြွင်းအကျန်တွေကြောင့် ဒေသခံတွေက အခုလို ထိခိုက်သေဆုံးနေရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်မှာလည်း ကျောက်မဲမြို့နယ် တောင်နောက်ကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ကောက်ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ သြဂုတ် ၂ ရက်အထိ မြေမြုပ်မိုင်းနဲ့ လက်နက်အကြွင်းအကျန်တွေကြောင့် သေဆုံးသူ အရပ်သား ၂ ဦးနဲ့ ဒဏ်ရာရသူ ၇ ဦး အထိရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။