မိုင်းရူပ၊ သြဂုတ် ၂ ရက်၊ နောင်ချို
တအာင်းတပ်အတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချို- မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
နောင်ချို- မိုးကုတ်မြို့လမ်းပေါ်ရှိ သုံးဆယ်ကျေးရွာကို ပြန်ထိန်းချုပ်ပြီးနောက် ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေပြီး ဇူလိုင်လကုန်မှာ ရွှေကြာအင်းရွာအထိ ရောက်ရှိလာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နောင်ချိုအခြေအနေက စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာရှိတယ်။ စစ်တပ်က သုံးဆယ်နဲ့ ရွှေကြာအင်းကနေ ဟိုနောင်တို့၊ ဟိုခိုဘက်က ပစ်တာ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေကြာအင်းမှာ တိုက်ပွဲဖြစ်သေးတယ်။ အဲနောက်ပိုင်း မြေပြင်တိုက်ပွဲ ငြိမ်နေတယ်” လို့ ဆိုပါတယ်။
ရွှေကြာအင်းကျေးရွာဟာ သုံးဆယ်ကျေးရွာနဲ့ ၂ မိုင်ဝန်းကျင်သာ ကွာဝေးပြီး ရွှေကြာအင်းကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက်မှာ မြေပြင်ထိုးစစ်ဆင်မှုတွေ မရှိတော့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး ကျေးရွာတွေဘက်ကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
နောင်ချို-ကျောက်မဲလမ်းပိုင်းမှာတော့ နောင်ချိုမြို့ဘက်ရှိ ဂုတ်ထိပ်တံတားဘက်ကိုခြမ်းကို စစ်တပ်က တပ်စွဲထားပြီး ကျောက်မဲဘက်ခြမ်း ဂုတ်ထိပ်ရှုခင်းသာဘက်ကို TNLA က ထိန်းချုပ်ထားကာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပေမဲ့ မြေပြင်တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ သိရပါတယ်။
စစ်တပ်ထောက်ခံတဲ တယ်လီဂရမ်ချယ်နယ်တွေမှာလည်း ရွှေကြာအင်းနဲ့ အထက်ကြူအင်းရွာကြားရှိအချုပ်ထောင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
တအာင်းတပ်ဘက်ကတော့ နောင်ချိုကို လက်လွှတ်ရပြီးနောက် တိုက်ပွဲသတင်းတွေကို ထုတ်ပြန်တာမရှိတော့ဘဲ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာကို စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပြီး နောင်ချိုကို ပြန်ရပြီးနောက် မိုးကုတ်နဲ့ကျောက်မဲကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။