ရွှေဖီမြေ၊ ဩဂုတ် ၁ ရက်၊ နောင်ချို
တအာင်းတပ် TNLA ထိန်းချုပ်တဲ့ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ အတွဲလိုက်ဒုံး (၁၅) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် (၃၂) နှစ်အရွယ် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ပြီး ဦးခမ်းပန်း (၄၂) နှစ်နဲ့ ဒေါ်တင်တင်ဦး (၆၈) နှစ်တို့က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၈) အိမ်နဲ့ အိမ်စီးကား (၁) စီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် (၃၀) ရက်မှာလည်း နောင်ချိုမြို့နယ် ဟိုခိုကျေးရွာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး (၂) လုံး၊ လက်နက်ကြီး (၁၀) လုံး၊ ဒရုန်း (၂) စီးနဲ့ ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၂)လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ တစ်လအတွင်း ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ရှောင်ရှားနိုင်ရန်အတွက် စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။