By မိုင်းရူပ၊ ရွှေဖီမြေ

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေ နေထိုင်တဲ့ လူနေထူထပ်တဲ့ ရပ်ကွက်တွေထဲကို ဗုံးကြဲတိုက်ခိုက်နေပေမဲ့ စစ်ကောင်စီ ထောက်ခံသူတွေကတော့ တော်လှန်ရေးတပ်တွေရဲ့ စခန်းကို ကြဲတယ်ဆိုပြီး ဆက်လက်ဝါဒဖြန့်နေဆဲပါ။

ဇူလိုင် ၂၉ ရက်နဲ့ ၃၀ ရက်နေ့ဟာ စစ်ကောင်စီ လက်ချက်ကြောင့် လူအသေအပျောက်များတဲ့နေ့ ဖြစ်လာခဲ့ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲသတ်ဖြတ်မှုကြောင့် သေဆုံးဒဏ်ရာရမှုတွေဟာ စံချိန်တင်ခဲ့ပါတယ်။

၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းမြောက်တွေမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အကျဥ်းသားတွေအပါအဝင် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၉၀ ကျော်အထိ ရှိခဲ့ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မြို့ ၃ ခု ဗုံးကြဲခံရ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ဒေသကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ၂ ရက်အတွင်း တအာင်းတပ်ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားဆယ်နဲ့ချီ သေဆုံးခဲ့ပါတယ်။

မိုးကုတ်မြို့ပေါ် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ လူနေထူထပ်တဲ့ မင်းတံတားရပ်ကွက်နဲ့ ရွှေဘုန်သာရပ်ကွက်တွေထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၁၁ ဦးနဲ့ အမျိုသမီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“အခုကြဲတဲ့နေရာက ဘာရုံးမှ မရှိဘူး။ အရပ်သားတွေပဲ နေတာ”ဆိုပြီး မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ပျက်စီးသွားတဲ့ လမ်းတွေကို ပြုပြင်ဖို့ မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်း ၆ ခုကို TNLA က ခေတ္တပိတ်ပင်မယ်လို့ ထုတ်ပြန်ပြီး နောက်တစ်ရက်အကြာ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ TNLA ဘက်က လူထုတွေကို လူသားဒိုင်း လုပ်တယ်ဆိုပြီး လူထုတွေ အထင်မှားအောင် စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၉ ရက် တစ်ရက်တည်းမှာပင် TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့ပေါ်ကို စစ်ကောင်စီဘက်က ဗုံးထပ်ကြဲခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

မနေ့ ဇူလိုင် ၃၀ ရက် မနက်အစောပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲခဲ့ပြီး အရပ်သား ၆ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသွားသူတွေထဲမှာ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုသမီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“အိပ်တဲ့အချိန်ကို လာကြဲတာ။ ပျက်စီးသွားတဲ့ အဆောက်အဦးရဲ့ ကြားမှာ ယောက်ျားလေးအလောင်း မနက်မှာ ထပ်တွေ့တယ်” လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

TNLA တပ်ဘက်ကတော့ အရပ်သားလူထုအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို ရပ်တန့်ဖို့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက ကူညီဆောင်ရွက်ဖို့ မနေ့ ဇူလိုင် ၃၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အဖက်ဖက်မှ ကျရှုံးနေတဲ့ စစ်ကောင်စီတပ်ကို ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်ကြဖို့ TNLA ဘက်က တောင်းဆိုထားပါတယ်။

အကျဥ်သား ၂၀ ကျော် သေဆုံးခဲ့တဲ့ လက်ပန်လှရဲစခန်း ဗုံးကြဲခံရမှု

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရဲစခန်း ဗုံးကြဲခံရမှုမှာ အကျဥ်းသား ၂၁ ဦး၊ အကျဥ်းသူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီ ၂၄ မိနစ်မှာ စစ်ကောင်စီတပ်က စဥ့်ကူးမြို့နယ် လက်ပန်လှရဲစခန်းရှိ အချုပ်သားတွေ ထိန်းသိမ်းထားတဲ့ နေရာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“သေတဲ့သူက ၂၀ ကျော် ရှိတယ်။ အချုပ်ခန်း တည့်တည့်ကို ကြဲတာ။ သေတဲ့အထဲမှာ သုံ့ပန်းနဲ့ အချုပ်သားတွေ ပါတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၉ ရက် တစ်ရက်တည်းမှာပင် စဥ့်ကူးမြို့နယ်ထဲက ရွှေပန်းတောကျေးရွာကိုလည်း ဗုံးထပ်ကြဲခဲ့ပြီး လင်မယား ၂ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၉ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွင့်လှစ်ထားတဲ့ ဆေးရုံးတစ်ခု ဗုံးကြဲခံရပြီး ကလေးငယ်အပါအဝင် ၅ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

၂ ရက်အတွင်း လူပေါင်း ၉၀ ကျော် ထိခိုက်သေဆုံးခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှု

တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲနဲ့ ရှမ်းမြောက်တွေမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၂ ရက်အတွင်း အကျဥ်းသားတွေအပါအဝင် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၉၀ ကျော်အထိ ရှိလာတာဖြစ်ပါတယ်။

ဒီသေဆုံး၊ ဒဏ်ရာရမှုဟာ ၂ ရက်အတွင်းသာဖြစ်ပြီး လူထုတွေဟာ စစ်ကောင်စီတပ်ရဲ့ နေ့စဥ်လိုလို ဗုံးကြဲတဲ့ဒဏ်ကို ခံစားနေရပြီး စိုးရိမ်ကြောင့်ကြမှုတွေကြား ဆက်လက်ရှင်သန်နေကြရပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကလည်း စစ်ကောင်စီရဲ့ လေကြောင်းဒဏ်ကို ဟန့်တားဖို့ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။

နိုင်ငံတကာကလည်း စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်သေးဘဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၎င်းရဲ့ အပေါင်းအပါတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခွင့် ဆက်ရနေဆဲပင် ဖြစ်ကြောင်းပါ။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

အမွဲသိမ်းမယ့် ကျွဲဂိမ်း

အလွှာပေါင်းစုံသော လူထုအတော်များများသည် စလော့ဂိမ်းများဖြင့် ပတ်သက်ဆက်စပ် ရင်းနှီးနေကြသည်။