မိုင်းအရှိုင်း၊ ဇူလိုင် ၂၈ ရက်၊ နောင်ချို
ရှမ်းမြောက်၊ နောင်ချိုမြို့နယ် လုံစံကျေးရွာခံတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိဘဲ သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မှာ သားသမီး ၃ဦးရှိတဲ့ ကိုဇော်ဝင်းကို မိသားစုဝင်ရှေ့မှာပဲ ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကိုဇော်ဝင်းကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်။ သူ့မှာ သားသမီးသုံးယောက်ရှိတယ်။ အဲတာ အိမ်မှာ လက်နောက်ပြန်ကြိုးတုတ်ပြီးတော့ကို ပစ်သတ်သွားတာ။ မိသားစုအရှေ့မှာဘဲ အကြောင်းပြချက်မပေးဘဲ ပစ်သတ်သွားတာ”
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ရဲ့ အရှေ့တောင်နဲ့ တောင်ဘက်ရှိ ကျေးရွာခံတွေကို သတ်ဖြတ်တာမျိုးတွေ ခပ်စိတ်စိတ် ပြုလုပ်လာနေပြီး အနည်းဆုံး ၁၂ ဦး သတ်ဖြတ်ခံခဲ့ရပြီလို့ ပြောလာပေမယ့် စာရင်းအတိအကျသိရဖို့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးက “သတင်းပိတ်တော့ မပြောရဲကြဘူး။ စစ်တပ်က အိမ်မှာရှိတဲ့ ပစ္စည်းသာမကဘူး။ တောထဲက တဲတွေမှာလည်း ရှိသမျှပစည်းလိုက်ယူနေတယ်။ တချို့နေအိမ်တွေကို ချိတ်ပိတ်လိုက်တယ်” လို့ ရွေဖီမြေကိုပြောပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဓနုတပ် – DPLA နဲ့ တအာင်းတပ် – TNLA တို့ဆီကနေ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ ပြန်လည်တိုက်ယူနိုင်ခဲ့တာဖြစ်ပြီး လက်နက်ကိုင်တွေနဲ့ ဆက်စပ်သူတွေကိုလည်း လိုက်လံဖမ်းဆီးနေတာမျိုးတွေလည်း ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။