မိုင်းရူပ၊ ဇူလိုင် ၂၅ ရက်၊ မူဆယ်
ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် မုံကိုးမြို့မှာ MNDAA ရဲ့ အလံဆက်လက်လွှင့်ထူထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“MNDAA ရဲ့ ရုံးတွေ ပုံမှန်လည်ပတ်နေပါတယ်။ အလံတွေ ပြောင်းတယ်ဆိုတာ သတင်းအမှားပါ။ ကျွန်မဒီမှာ ရှိနေပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် မုံကိုးမြို့မှာ MNDAA ဘက်က နေထိုင်ခွင့်ကဒ်တွေ ပြုလုပ်ဖို့ စီစဥ်နေပြီး ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို၎င်းက ဆက်ပြောပါတယ်။
မုံကိုးမြို့ပေါ်ရှိ MNDAA ရဲ့ ဌာနဆိုင်ရာရုံးတွေမှာ MNDAA ရဲ့ အလံတွေကို ဖြုတ်သိမ်းပြီး နိုင်ငံတော်အလံကို လွှင့်ထူထားတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
မုံကိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းအတွင်း MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးရှိတဲ့မြို့လည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီထံ လာမယ့် စက်တင်ဘာလထဲမှာ ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးခဲ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။