မိုင်းရူပ၊ ဇူလိုင် ၂၃ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် တအာင်းမတော်- TNLA၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၆၀ ဦး အလင်း ဝင်လာကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ မနေ့ ဇူလိုင် ၂၂ ရက် ညပိုင်းက ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကနေ မနေ့ ဇူလိုင် ၂၂ ရက်အထိ အလင်းဝင်လာသူတွေထဲ TNLA တပ်ဖွဲ့ဝင် ၄ ဦး၊ DPLA တပ်ဖွဲ့ဝင် ၄၁ ဦးနဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၁၅ ဦး ပါဝင်တယ်ဆိုပြီး စစ်ကောင်စီက ပြောပါတယ်။
စစ်ကောင်စီထံ အလင်းဝင်တာနဲ့ ပတ်သက်ပြီး DPLA ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေ အလင်းဝင်တာ မရှိကြောင်း ရွှေဖီမြေကို ပြောဆိုထားပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်ကျော်အကြာမှာ စစ်တပ်ထံ ပြန်လည် လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး ဘက်ပြောင်းခိုလှုံဖို့ စစ်ခေါင်းဆောင်က မကြာခဏ ဖိတ်ခေါ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။