ရွှေဖီမြေ၊ ဇူလိုင် ၂၂ ရက်၊ နောင်ချို
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့အပြီး စစ်တပ်ဟာ ၎င်းတို့ကို ကြိုဆိုရေးလုပ်ဖို့ စစ်ရှောင်တွေကို ခေါ်ယူကာ အသုံးပြုခဲ့တယ်လို့ ကိုယ်တိုင်ပါခဲ့ဝင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ တောင်ရှည်၊ တောင်းခမ်းဘက်က စစ်ရှောင်တွေကို နယ်မြေ အေးချမ်းသွားပြီဟုဆိုကာ ခေါ်ဆောင်လာတာဖြစ်ပြီး မြို့တွင်းထဲရောက်မှ ကြိုဆိုရေး လုပ်ခိုင်းတာလို့ ဆိုပါတယ်။
“သူတို့ပြောတာတော့ အေးချမ်းသွားပြီ ပြန်လို့ရပြီပြောတာ။ ဟိုရောက်မှ သူတို့ကို ကြိုဆိုခိုင်းတယ်။ အဲဒါကို သူတို့ ဗီဒီယိုတွေ ရိုက်တယ်။ ဒံပေါက်တွေလည်း ကျွေးတယ်။ အကုန်ပြီးတော့ တစ်ယောက်ကို ပိုက်ဆံ ၅ ထောင်စီ ပေးပြီး စစ်ရှောင်စခန်း ပြန်ပို့တယ်” လို့ ကိုယ်တိုင်ပါဝင်တဲ့ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။
စစ်ရှောင်အများစုဟာ နေရပ်ပြန်ရမယ် ထင်တာကြောင့် အဝတ်ထုပ် ယူသွားခဲ့ကြပေမဲ့ စစ်ရှောင်စခန်း ပြန်ပို့တာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၆ ရက်နောက်ပိုင်း စစ်တပ်ဟာ စစ်ရှောင်တွေ မြို့တွင်း ဝင်ရောက်လာပုံနဲ့ လူထုတွေကို ဒံပေါက် ကျွေးမွေးတဲ့ ရုပ်သံဖိုင်တွေကို ဆက်တိုက် ဝါဒဖြန့်ကာ ရေးသားဖော်ပြခဲ့ကြပါတယ်။
လက်ရှိ မြို့တွင်းထဲ စစ်ရှောင်တချို့အပြင် စစ်ကောင်စီနဲ့ နီးစပ်သူတွေသာ အများဆုံး ဝင်ရောက်နေပြီး အများစုက စစ်ရှောင်နေကြဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်သူတွေကတော့ နောင်ချိုမှာ ရုံးပေါင်းစုံ မကြာမှီ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး လူထုတွေအနေနဲ့ နေရပ်သို့ ပြန်လာကြဖို့ ဆော်ဩနေကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။