ပို့လဘား၊ ဇူလိုင် ၂၁ ရက်၊ နောင်ချို
နောင်ချိုမြို့နယ် နောင်ပြစ်ကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ စစ်ဘေးရှောင်လာတဲ့ ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၀ ရက် နေ့လယ် ၃ နာရီမှာ နောင်ပြစ်ရွာထဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တဲ့အပြင် ဒရုန်းနဲ့လည်း လာရောက် ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ဦးက “လက်နက်ကြီးတွေရော ဒရုန်းတွေရော လာချတာ။ လက်နက်ကြီး ၇ လုံးလောက် ပစ်လာတယ်။ အိမ်တွေလည်း အများကြီး ထိတယ်။ ဒီမနက်မှာပဲ သူတို့အလောင်း သွားယူပြီး နောင်ပိန်မှာ သဂြိုလ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ နောင်ချိုမြို့ သပြေရေရပ်ကွက်ကနေ နောင်ပြစ်ရွာဘက် စစ်ဘေးရှောင်လာကြတဲ့ သားအမိဖြစ်သူ အသက် ၉ နှစ်အရွယ် နန်းရွှေစင်လင်းနဲ့ ၃၅ နှစ်အရွယ် မခိုင်တို့ ဖြစ်ပါတယ်။
နောင်ချိုမြို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ထားပြီး တအာင်းတပ်မတော်- TNLA ဘက်ကလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။