ရဲမာန်၊ ဇူလိုင် ၁၈ ရက်၊ လားရှိုး
စစ်ဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲနဲ့ သီပေါမြို့တွေကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေအတွက် လားရှိုးမြို့ခံတွေက အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရှောင်တွေကို အခမဲ့ဆေးကုသမှုနဲ့ အိမ်ခန်းတွေ အခမဲ့ငှားပေးတာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“အိမ်ဌားတဲ့လူနဲ့ တိုက်ရိုက်ချိတ်ပေးတာတွေရှိတယ်။ တချို့က အိမ်ဌားခ မယူတာလည်းရှိတယ်။ တချို့က နှစ်သိန်းတန်တာကို တစ်သိန်းနဲ့ စျေးလျှော့ပေးတာတွေလည်း ရှိနေတယ်”လို့ ဆိုပါတယ်။
စစ်ရှောင်တွေအတွက် အိမ်ခန်းအခမဲ့ နေနိုင်ကြောင်း အသိပေးတဲ့စာတွေနဲ့ ဆေးအခမဲ့ကုသနိုင်ကြောင်း အသိပေးစာတွေလည်း လူမှုကွန်ရက်မှာ အချင်းချင်းမျှဝေနေကြတာတွေလည်း တွေ့ရှိရပါတယ်။
လက်ရှိမှာတော့ လားရှိုးမြို့ကို သီပေါနဲ့ကျောက်မဲက စစ်ရှောင်အများအပြား ရောက်ရှိလာပြီး အများစုဟာ အသိအိမ်တွေနဲ့ နီးစပ်ရာ မိသားစုဝင်အိမ်တွေမှာ ခိုလှုံနေကြရပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေစဉ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ ကျောက်မဲ နဲ့ မိုးကုတ်မြို့တွေကို လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မြို့ခံတွေက ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။