ရွှေဖီမြေ၊ ဇူလိုင် ၁၆ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက ဒီနေ့ ဇူလိုင်လ ၁၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
နောင်ချိုမြို့ကို ဒီနေ့ ဇူလိုင်လ ၁၆ ရက် နေ့လယ် ၁၂ နာရီမှာ စစ်ကောင်စီဘက်က မြို့ပေါ်ရှိ နေရာအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်ရဲ့ အမြာက်တပ်တွေတည်ရှိရာ တောင်းခမ်းကျေးရွာနဲ့ ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကနေ ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲပေါင်း ၆၀၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
TNLA ဘက်ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြို့ပေါ်ရှိ တအာင်းတပ်ရဲ့ အရပ်ဖက်ဆိုင်ရာရုံးတွေကို ပြောင်းရွှေ့ထားရတယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာ ဖြစ်တာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ကို TNLA ဘက်က တိုက်တွန်းထားပါတယ်။
နောင်ချိုမြို့ကို TNLA က ၁ နှစ်ကျော်ကြာ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ပြန်လည်ဝင်ရောက်လာနိုင်တာ ဖြစ်ပါတယ်။
နောင်ချိုမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ မြို့တွေထဲက ပထမဆုံး စစ်ရေးနည်းနဲ့ ပြန်လည်သိမ်းနိုင်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။