မိုင်းအရှိုင်း၊ ဇူလိုင် ၁၆ ရက်၊ နောင်ချို
စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီး ပြန်လည်ဝင်ရောက်လာနေတဲ့ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တာကြောင့် လုံခြုံရေးသတိရှိဖို့ကို TNLA က ဒီနေ့ ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါ၊ မိုးကုတ် စတဲ့မြို့တွေကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ သတိရှိရှိ နေကြဖို့ကို TNLA က တိုက်တွန်းထားတာဖြစ်ပါတယ်။
နောင်ချိုကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မေလကနေ ဇူလိုင်လ ၁၅ ရက်အထိ (၃ လ နီးပါး) အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု (၁၀၆) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၁၆၂) ကြိမ်၊ အဆိပ်ငွေ့ဗုံး (၁၈၆) ကြိမ်၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၄,၆၉၂) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုးကုတ် စတဲ့မြို့တွေကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေ ဒီနေ့ ဇူလိုင်လ ၁၆ ရက်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ကလေးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
နောင်ချိုကို အင်းအားထောင်ချီ၊ လက်နက်မျိုးစုံနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲကို ရောက်ရှိလာပြီး စစ်ကောင်စီတပ်တွေ မြို့ထဲ ဝင်ရောက်လာတဲ့ ဒီနေ့ ဇူလိုင် ၁၆ ရက်မှာပဲ TNLA က အခုလို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။