မိုင်းရူပ၊ ဇူလိုင် ၁၅ ရက်၊ နောင်ချို
စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရပြီး နောင်ချိုစစ်မြေပြင်မှာ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်လာကြောင်း ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၎င်းတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ဇွန်လထဲ နောင်ချိုတိုက်ပွဲမှာ ကျောက်မဲခရိုင်အထူးတပ်ဖွဲ့ထံ အလင်းဝင်လာတာဖြစ်ပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ်(၁၀) ဆင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“နောင်ချိုတိုက်ပွဲမှာ အလင်းဝင်လာတာပါ။ လက်ရှိမှာတော့ လုံခြုံစိတ်ချရတဲ့နေရာမှာ ကောင်းကောင်းမွန်မွန်ထားပေးထားပါတယ်။ သူတို့ သွားချင်တဲ့နေရာဆီ ပို့ပေးလို့ရအောင်စီစဥ်ပေးနေပါတယ်” လို့ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အလင်းဝင်လာသူ ၂ ဦးဟာ စကိုင်းနဲ့ မုံရွာမှာ နေထိုင်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရတဲ့သူတွေအနေနဲ့ လာရောက်အလင်းဝင်ကြဖို့ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ဟာ နောင်ချိုတိုက်ပွဲမှာ တအာင်းတပ်မတော်-TNLA၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA နဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
DPLA တပ်ဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရပြီး နောင်ချို စစ်မြေပြင်မှာပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ အလင်းဝင်လာကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မြို့တွင်းထဲအထိ ဝင်ရောက်လာပြီး မြို့ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။