မိုင်းရူပ၊ ဇူလိုင် ၁၅ ရက်၊ နောင်ချို
စစ်ကောင်စီစစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာတဲ့ တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ မြို့တွင်းထဲ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
“နောင်ချိုမြို့ကနေ TNLA ဘက်က ဆုတ်ခွာတာ မရှိပါဘူး။ မြို့တွင်းထဲမှာ ကွက်ကြား တိုက်ပွဲဖြစ်တာ ရှိနေတယ်” ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နောက်ထပ်စစ်မြေပြင်မှာ ရှိနေသူတစ်ဦးကတော့ နောင်ချိုမြို့တွင်းမှာ TNLA တပ်ဖွဲ့ဝင်တွေ ဆက်ရှိနေပေမဲ့ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ မြို့တွင်းထဲကို ထိုးဖောက်ဝင်ရောက်လာတာကြောင့် တအာင်းတပ်ဘက်က နောင်ချိုကို ဆက်ထိန်းဖို့ ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုမြို့ကနေ ဆုတ်ခွာတာမရှိဘဲ TNLA တပ်ဖွဲ့ဝင်တွေ ဆက်ရှိနေတယ်လို့ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့တွင်းရှိ မြို့စွန်ရပ်ကွက်တွေထဲ ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးနောက် နောင်ချိုနဲ့ ကျောက်မဲကို ဆက်သွယ်ထားတဲ့ ဂုတ်တွင်းတံတားလည်း မနေ့ ဇူလိုင် ၁၄ ရက်မှာ မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွတ်ခဲ့ရတဲ့နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်အင်အားထောင်နဲ့ချီအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ တောင်းခမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ မြို့တွင်းထဲကို ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး အုမ္မတီးဘက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကတော့ မြို့ထဲကို ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။
နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၆၀၆) ဒုံးတပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း-၁၁၄၊ ခမရ- ၁၁၅ တို့ကို ၂ ပတ်ကြာ တိုက်ခိုက်သိမ်း ပိုက်ပြီး နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။