မိုင်းအရှိုင်း၊ ဇူလိုင် ၄ ရက်၊ ကျောက်မဲ
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ မြို့မဈေးကို ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
“ကျောက်မဲအခြေအနေက ဈေးတွေပိတ်။ အဲလောက်ထိ လူသိပ်မစည်ဘူး ဗုံးကြဲပြီးနောက်ပိုင်းမှာ။ ဆိုင်တွေ တော်တော်များများလည်းပိတ်”
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က ဒေသခံ လူစည်ကားတဲ့ စံပြထမင်းဆိုင်ကို ဦးတည်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့ နောက်ပိုင်းကစလို့ မြို့တွင်းက ဆိုင်တွေနဲ့ မြို့မဈေးကို ပိတ်ထားရတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
သူက “ဗလီအနီးဈေးနားကြဲတာ။ အဲနေ့ကတည်းက စပိတ်တာ။ မနက်ပိုင်း ၁၁ နာရီလောက်အထိ ဈေးအပြင်ဆိုင် တစ်ချို့ဖွင့်ကြပါတယ်။ လူတွေစားဖို့ သောက်ဖို့ ဝမ်းရေးကလည်း လုပ်ရသေးတာဆိုတော့” လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကျောက်မဲမြို့ထဲမှာ လူတွေနေအိမ်အပြင်မထွက်ရဲကြတော့သလို ဆိုင်တွေလည်းလည်း နေ့တစ်ပိုင်းသာ ဖွင့်ကြပါတယ်။
စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကမှ ၂၉ ရက်အထိ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဒေသခံ ၅ ဦး သေဆုံးခဲ့ကာ ၂၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။