မိုင်းရူပ၊ ဇူလိုင် ၄ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေတက်လာပြီးနောက် မြို့တွင်းထဲက ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတယ်လို့ တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ ဇူလိုင် ၄ ရက် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေဟာ ရေမှတ်(၃၄၈) စင်တီမီတာအထိ ရောက်ရှိနေတာကြောင့် တာချီလိတ်မြို့တွင်းက တာလော့၊ ပုန်းထွန် ၊ မကာဟိုခမ်းနဲ့ ဆန်ဆိုင်းရပ်ကွက်တွေမှာ ရေးကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တာချီလိတ်ဒေသခံအမျိုးသမီးတစ်ဦးက ” တာချီလိတ်မှာက ချောင်းတွေမှာ အမှိုက်တွေ ပစ်ကြတယ်လေ။ မိုးရွာတာနဲ့ ရေကြီးပြီ။ မယ်ဆိုင်ချောင်းမှာ ရေကြီးနေတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
မယ်ဆိုင်ချောင်းရေဟာ လာမယ့် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ကြိုတင်သတိထားဖို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှူးဦးစီးဌာနက သတိပေးထားပါတယ်။
တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုတွေ မကြာခဏဖြစ်ပွားနေပြီး ရေထဲမျှောပါပြီး သေဆုံးတာတွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းမှာ အမျိုးသားတစ်ဦး ရေထဲမျှောပါပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။