မိုင်းရူပ၊ ဇူလိုင် ၃ ရက်၊ နောင်ချို
မန္တလေးတိုင်း ပြင်ဦးလွင်ကနေ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီး ၄ မိုင်အကွာ ကျောက်ကြမ်းကျေးရွာအနီးအထိရောက်လာတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
အုမ္မခါးကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဇူလိုင် ၂ ရက်မှာ ကျောက်ကြမ်းရွာအနီးကို ရောက်ရှိလာပြီး ကျောက်ကြမ်းရွာကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
” မနေ့ စကစက ထိုးစစ်လုပ်တာ။ ကျောက်ကြမ်းနားအထိ ရောက်လာပြီ။ အဲနားမှာ တောင်ကုန်းတွေရှိတယ်။ အဲမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျောက်ကြမ်းရွာအထိတော့ မရောက်သေးဘူး” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ TNLA ဘက်က ၂ ဖက်အခိုက်အကျအဆုံးများခဲ့ပြီး စစ်ကောင်စီဘက်က ပြင်ဦးလွင်ကနေ စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
နောင်ချိုမြို့နယ် တောင်းခမ်းဘက်နေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကတော့ နောင်ချိုမြို့နဲ့ ၄ မိုင်ဝန်းအကွာ မျက်ချင်းနုကျေးရွာမှာ ရောက်ရှိနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့စစ်အင်အားထောင်နဲ့ချီအသုံးပြုကာ တောင်းခမ်းနဲ့ အုမ္မတီးကျေးရွာဘက်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး TNLA တပ်ဘက်ကလည်း နောင်ချိုမြို့လက်မလွတ်ရရေး ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။
TNLAနဲ့ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၆၀၆) ဒုံးတပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း-၁၁၄၊ ခမရ- ၁၁၅ တို့ကို တိုက်ခိုက်သိမ်းနိုင်ထားပြီး နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။