မိုင်းရူပ၊ ဇူလိုင် ၂ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီး မျက်ချင်းနုကျေးရွာအထိ ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ မျက်ချင်းနုကျေးရွာအထိ ရောက်ရှိလာပြီး မျက်ချင်းနုကျေးရွာနဲ့ ၂ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်း ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
“စကစက ၆၀၆ ထဲဝင်ဖို့ ကြိုးစားနေတာ။ အခုက သူတို့ မျက်ချင်းနုမှာဘဲ ရှိသေးတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ မျက်ချင်းနုကျေးရွာဘက်ကို ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာဘက်ကနေ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းဟာလည်း အုမ္မခါးကျေးရွာအထိ ရောက်ရှိလာပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်အင်အားထောင်နဲ့ချီ အသုံးပြုကာ တောင်းခမ်းနဲ့ အုမ္မတီးကျေးရွာဘက်ကနေ ထိုးစစ်ဆင်နေတာဖြစ်ပြီး TNLA တပ်ဘက်ကလည်း နောင်ချိုမြို့ လက်မလွတ်ရရေး ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။
နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း ခမရ – ၁၁၄၊ ခမရ – ၁၁၅ တို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းနိုင်ထားပြီး နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။