မိုင်းအရှိုင်း၊ ဇွန်လ ၃၀ ရက်၊ ကျောက်မဲ
တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၂၉ ရက် ညပိုင်း ၈ နာရီ ၄၀ ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အဆောက်အဦးအများအပြားထိခိုက်ပျက်စီးခဲ့ပြီး လူထုထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ည ဗုံးကြဲတာကတော့ အရပ်သားထိခိုက်မှု မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ တစ်လုံးက လုံးဝတောကြီးထဲ လယ်ကွင်းထဲကျသွားတာ။ နောက်ထပ် ၄ လုံးကတော့ ပိတ်ထားတဲ့အိမ်ထဲကျတာ။ နောက်ဆုံးအလုံးက လူသူမနေတဲ့ ၅၀၂ ထဲကျတာ”
စစ်ကောင်စီတပ်ရဲ့ ပထမအကြိမ် တိုက်ခိုက်မှုက ညပိုင်း ၈ နာရီ ၃၉ မိနစ်မှာဖြစ်ပြီး တောင်နောက်ကျေးရွာရဲ့ လယ်ကွင်းတစ်နေရာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတိယ အကြိမ်တိုက်ခိုက်မှုကတော့ ရပ်ကွက် ၇ ရှိ ဂေါက်ကွင်းဘေးက ၄ လုံးတန်းအိမ်ရာအပေါ် ဗုံး ၄ လုံးကျရောက်ပေါက်ကွဲကာ နောက်ဆုံးအကြိမ်မှာတော့ ၅၀၂ တပ်ထဲ ကြဲချခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဒုတိယအကြိမ်တိုက်ခိုက်မှုမှာ ၄ လုံးတန်း အိမ်ယာအပါအဝင် အနီးတစ်ဝိုက်မှာရှိတဲ့အိမ်တွေနဲ့ မိုးကုတ် ဝိပဿနာဘုန်းကြီးကျောင်းတို့ ထိမှန် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို မနေ့ ဇွန်လ ၂၉ ရက် နေ့ ၂ နာရီခွဲမှာလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ အမျိုးသမီး ၃ဦး အပါအဝင် ၆ ဦးက ဗုံးထိမှန်လို့ ဒဏ်ရာရရှိခဲ့ပါတယ်။
တစ်ပတ်အတွင်း ကျောက်မဲမြိုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့လို့ ဒေသခံ ၅ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရှိခဲ့ကာ အဆောက်အအုံအများအပြား ပျက်စီးသွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။