မိုင်းအရှိုင်း၊ ဇွန်လ ၂၉ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၅ ဦး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သလို ရှမ်းကျောင်းကြီးနဲ့ တောင်ဘက်ရှိ အဆောက်အဦးတွေလည်း အများအပြား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“ရှမ်းကျောင်းကြီးဘေးက အိမ်အားလုံးနီးပါး ဖုန်းဆိုင်အပါ အကုန်လုံးထိ။ အိမ်တစ်လုံးကတော့ ပြာကျ။ ကျန်တာတော့ အရှိန်ကြောင့် ထိခိုက်တယ်” လို့ အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ် TNLA ရဲ့ ထုတ်ပြန်ချက်အရ ဒီတိုက်ခိုက်ခံရမှုမှာ အနည်းဆုံး နေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲရှိ ပရဟိတအသင်းတစ်ခုကလည်း “ဒဏ်ရာရတာကတော့ ယောက်ျား ၂ ယောက်နဲ့ ဖုန်းဆိုင်က အသက် ၂၀ ကျော်အရွယ် မိန်းခလေး ၃ ဦးပဲ။ သူတို့ကို ဆေးခန်းပို့ထားပါတယ်” လို့ ရွှေဖီမြေကို ပြောဆိုပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို ဒီနေ့ ဇွန်လ ၂၉ ရက် နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တစ်ပတ်အတွင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ ၅ ဦး သေဆုံးကာ ၂၁ ဦးက ဒဏ်ရာရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေအချိန်မှာပဲ အခုလို လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။