မိုင်းအရှိုင်း၊ ဇွန်လ ၂၇ ရက်၊ ကျောက်မဲ
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ညသန်းခေါင်ယံ လူတွေအိပ်မောကျချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“မမိုးနှောင်း (အသက် ၅၀ ) အမျိုးသမီး တစ်ဦးသေ၊ ၂ ဦး ဒဏ်ရာရ၊ လောလောဆယ်အဲဒါပဲ သိသေးတာရှင့်။ ဆောက်လုပ်ရေး ရုံးနားမှာပဲ”
ကျောက်မဲမြို့ ရပ်ကွက် ၇ မြောက်ကုန်းရှိ ဆောက်လုပ်ရေးရုံးကို ဒီနေ့မနက်ပိုင်း ၁၂ နာရီ ၄၆ မှာ တစ်ကြိမ်နဲ့ ၁၂ နာရီ ၅၁ မိနစ်မှာ တစ်ကြိမ် ဦးတည်ပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ကျောက်မဲမြို့ကို ပြီးခဲ့ ဇွန်လ ၂၄ ရက်မှာလည်း လူစည်ကားရာ နေရာဖြစ်တဲ့စံပြထမင်းဆိုင်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင်း နောင်ချိုကနေ ကျောက်မဲကို စစ်ရှောင်လာတဲ့ အမျိုးသမီး ၂ ဦးအပါအဝင် လူ ၄ ဦးထိမှန်သေဆုံးခဲ့သလို ၁၄ ဦးထပ်မနည်း ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်သိမ်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်မဲမြို့ကိုပါ ဦးတည်ဗုံးကြဲနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။