ပို့လဘား၊ ဇွန်လ ၂၃ ရက်၊ နောင်ချို
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့လေကြောင်း အသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“လုံဝယ်ရွာအနီးမှာ အဓိက ဖြစ်နေတာ။ စစ်ကောင်စီဘက်က ဒရုန်းရော၊ လက်နက်ကြီးရော လေယာဉ်တွေနဲ့ရော လာချနေတာ။ လေယာဉ်ဆို ၁၀ ကြိမ်ရှိပြီ လာကြဲနေတာ” ဆိုပြီး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခုလို လက်နက်မျိုးစုံ အသုံးပြုပြီး ထိုးစစ် ဆင်နေတာဟာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များနေတာကြောင့်ဖြစ်ပြီး တော်လှန်ရေးတပ်ဘက်ကလည်း အပြင်းအထန် ခုခံနေတယ်လို့ ဆိုပါတယ်။
“Y-12နဲ့ လာချတာ ဗုံး ၁၀ လုံးကျော်ရှိမယ်။ လာချလိုက် ပြန်ပတ်လိုက်နဲ့ လုပ်နေတာ။ Y-12 ကွေ့တာတော့ ညောင်ပင်ဘက်မှာ လာကွေ့တာ။ အထိအခိုက်တော့ မသိရသေးဘူး။ နောင်ဩဘက်လို့လည်း ကြားတယ်။ ရွှေသွန်းနားဘက်လို့လည်း ကြားတယ်။ ရွှေသွန်းနားဘက်မှာ လာချတာ ဖြစ်ဖို့များတယ်။ စကစက အခု အဲနားကနေလည်း ထိုးလာတာဆိုတော့လေ” လို့ ၎င်းက ဆက်ပြောပါတယ်။
နောင်ချိုမြို့အနီးရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်း၊ လုံဝယ်၊ အုမ္မသီးနဲ့ ဆမ္မဆယ် စတဲ့ကျေးရွာတွေမှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ ဇွန်လ ၂၂ ရက်ကလည်း နောင်ချိုမြို့နယ် သရက်ကုန်းရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံး လာကြဲချခဲ့တယ်လို့ ပြောပါတယ်။
ဇွန်လ ၂၁ ရက်ကလည်း နောင်ချိုမြို့နယ် သံဘိုရွာကို မိနစ်ပိုင်းအတွင်း စစ်တပ်က Y-12 လေယာဉ် အသုံးပြုပြီး ဗုံးအလုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။