ရွှေဖီမြေ၊ ဇွန်လ ၂၁ ရက်၊ လားရှိုး
မနေ့ ဇွန်လ ၂၀ ရက်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲ လက်နက်နဲ့အင်အားတွေ ထပ်မံ ဖြည့်တင်းနေပြီး အဲဒီထဲမှာ အမြှောက်ကားလည်း ပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ဖြည့်တင်းထားတဲ့ အင်အားတွေကို မနေ့ညနေ ၆ နာရီဝန်းကျင်မှာ တန့်ယန်းလမ်းဘက်ကနေ လားရှိုးမြို့ထဲ ဝင်ရောက်လာပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ထဲ ဝင်ရောက်သွားတာလို့ ဆိုပါတယ်။
“စစ်ကားကတော့ အစီး ၃၀ ပါတယ်။ အင်အားအပြည့်ပဲ။ ကျန်တာက သူတို့တွဲကားတွေနဲ့ မိုးကာ အုပ်ထားတဲ့ စစ်ကားတွေ ပါတယ်။ အဲဒါ သံချပ်ကာ ကားလား၊ တင့်ကားလားတော့ မသိဘူး။ ၅ စီး ပါလာတယ်”
စစ်ကောင်စီဟာ လားရှိုးမြို့ထဲ နေ့စဉ်လိုလို ပုံစံမျိုးစုံနဲ့ ဝင်ရောက်နေပြီး အုပ်ချုပ်ရေး ယန္တရားလည်း လည်ပတ်ဖို့ လုပ်ဆောင်နေပါတယ်။
လက်ရှိ မြို့အနီးတစ်ဝိုက်ကို ကိုးကန့်တပ်- MNDAA က ထိန်းချုပ်ထားဆဲဖြစ်ပြီး သိန္နီမြို့ကိုလည်း စစ်ကောင်စီလက်ထဲ ပြန်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်- TNLA တို့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲမှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် သီပေါ၊ ကျောက်မဲဘက် ထပ်မံ ထိုးစစ် ဆင်လာနိုင်တယ်လို့ စစ်ရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။