လွေးထွေး၊ ဇွန်လ ၁၈ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့က မြို့မရဲစခန်းမှုးရဲ့ ဇနီးဖြစ်သူက လိုင်စင်မဲ့ကားမောင်းလာပြီး မြို့ထဲကအထည်ဆိုင် တစ်ခုထဲကို ဝင်တိုက်ခဲ့ကြောင်း တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖြစ်စဉ်ဟာ ဇွန်လ ၁၆ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး တာချီလိတ်မြို့ ဝမ်ကောင်း ရပ်ကွက်ရှိ လှေကား ၅ ထစ်ရှိတဲ့ အထည်ဆိုင်ထဲ လိုင်စင်မဲ့ကားဖြစ်တဲ့ Crown ကားအဖြူတစ်စီးကို မောင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။
တာချီလိတ်နေ အမျိုးသမီးက “အသေးစိတ်တော့ ကောင်းကောင်းမပြောနိုင်ဘူး။ အိမ်ကနေ မြင်ရတာတော့ ဘရိတ်နဲ့ လီဘာမှားနင်းမိတာထင်တယ်။ လူထိတာတော့မရှိဘူး။ ဆိုင်ပျက်စီးမှုကတော့များတယ်” လို့ ပြောပါတယ်။
ဆိုင်ဝင်တိုက်ပြီး ၁၅ မိနစ်အတွင်း ဒေသခံတွေနဲ့ သက်ဆိုင်ရာက သွားရောက်စစ်ဆေးချိန် ၎င်းကားဟာ မြို့မရဲစခန်းမှူးရဲ့ ဇနီးဖြစ်ကြောင်းကို သိရှိရပြီး နောက်ဆက်တွဲဖြစ်စဥ်ကိုတာ့ မသိရဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် တာချီလိတ်မြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို သက်ဆိုင်ရာက အပြင်းအထန် ဖမ်းဆီးနေချိန် သက်ဆိုင်ရာဝန်ထမ်းနဲ့ ပတ်သတ်ဆက်နွယ်သူတွေက လိုင်စင်မဲ့ယာဉ်တွေ စီးနေတာကို ဒေသခံတွေက ဝေဖန်နေကြကြောင်းကိုလည်း နောက်ထပ် ဒေသခံအမျိုးသမီးက ဆိုပါတယ်။
“ဒီလောက်ပြင်းပြင်းထန်ထန် လိုင်စင်မဲ့ ဖမ်းနေတဲ့အချိန် သူတို့နဲ့သက်ဆိုင်သူက စီးတယ်။ အခုလို ပြဿနာဖြစ်တယ်ပေါ့။ ဒါကိုလူထုကြား ဟာသလည်းဖြစ်တယ်။ မတရားတာကိုလည်း မြင်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ သက်ဆိုင်ရာတွေက မေလ နောက်ဆုံးပတ်ကစပြီး အခု ဇွန်လ ဒုတိယပတ်အထိ တာချီလိတ်မြို့ အပါအဝင် ပြင်ဦးလွင်၊ ကလော၊ ဟိုပုံး၊ ပင်းတယ၊ တောင်ကြီး၊ တန့်ယန်း၊ မန္တလေးနဲ့ ရန်ကုန် စတဲ့နေရာမှာလည်း လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးထားတာနဲ့ ငွေပေးပြီး ပြန်ရွေးခိုင်းတာတွေ ပြုလြပ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။