ယာရူစိင်၊ ဇွန်လ ၁၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သူခိုးတွေ ပေါများလာတာကြောင့် ဒေသခံတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖမ်းဆီးနေရပြီး မနေ့မှာလည်း တစ်ဦးဖမ်းမိထားပါတယ်။
မနေ့ ဇွန်လ ၁၇ ရက် ညနေပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) မှာရှိတဲ့ အကင်စုံဆိုင်နားမှာ ဆိုင်ကယ်ခိုးဖို့ လုပ်နေတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးရမိထားတယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဲသူခိုးကို အကင်စုံဆိုင်မှာ ဖမ်းမိတာပါ။ အကင်ဆိုင်မှာက လူအရမ်းများတယ်လေ။ သူများ ဆိုင်ကယ်ထိုးထားတဲ့နေရာမှာ သူက ဆိုင်ကယ် ဇက်သော့ကို လာချိုးတာ။ တစ်စီးကို သူ ခိုးပြီးသွားပြီ။ နောက်တစ်စီးကို ဇက်သော့ချိုးတဲ့အချိန်မှာ အဲနားက လူတွေက မြင်ပြီး ဝိုင်းလိုက်လို့ ဖမ်းမိသွားတာ။ အဲသူခိုးကို သက်ဆိုင်ရာဌာနတွေထံ မပို့ရသေးဘူး။ သူတို့အချင်းချင်းကို ပြန်ဆက်သွယ်ခိုင်းထားတာ။ ခိုးသွားတဲ့ ဆိုင်ကယ်ကို ပြန်လာပေးဖို့ပေါ့”
ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း ရပ်ကွက် (၁) ရှိ နေအိမ်တစ်အိမ်ကို အမျိုးသား ၃ ဦးက ဖောက်ဝင်ဖို့ လုပ်နေချိန်မှာပဲ အိမ်နီးချင်းတစ်ဦးက တွေ့တာကြောင့် ဒေသခံတွေ ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ၂ ဦးက ထွက်ပြေးလွှတ်မြောက်ပြီး ၁ ဦးကိုတော့ ဖမ်းဆီးရမိထားပါတယ်။
လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၈ ရက်အထိ ရွှေဖီမြေရရှိထားတဲ့ စာရင်းအရ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပါတယ်။
ဓားပြတိုက်မှု ဖြစ်ပွါးတဲ့ နေရာအများစုမှာလည်း သေနတ်ကိုင်ဆောင်ထားသူ အများဆုံးပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။