လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၆ ရက်၊ နောင်ချို
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသား ၄ ဦးက မိုင်းနင်းပြီး ဒဏ်ရာရထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုမြို့ နော်ဝင်းကျေးရွာက အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်ကျာ်မင်း၊ ရွှေတုန်းရွာက ဦးကျော်စန်းထူးနဲ့ ကံကြီးလက်ပံကုန်းရွာက ကိုဇွဲထက်အောင်းနဲ့ ကိုရဲအောင်တို့က ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
“မိုင်းနင်းမိပြီးတော့မှ ဒဏ်ရာရတာ။ ၄ ယောက်လုံးက အမျိုးသားတွေဘဲ ဖြစ်တယ်။ မိုင်းအစကြောင့် တစ်ယောက်က ဗိုက်ထိတာ။ ၃ ယောက်က ခြေထောက်တွေထိတာ” လို့ ဖြစ်စဉ်သိရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီအမျိုးသား ၄ ဦး နင်းမိတဲ့ မိုင်းအမျိုးအစားဟာ ကြိုးမိုင်းအမျိုးအစားထဲက ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မိုင်းနင်းမိသူအမျိုးသား ၄ ဦးကို ဆေးကုသနိုင်ဖို့အတွက် ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၅ ဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။