ယာရူစိင်၊ ဇွန်လ ၁၂ ရက်၊ တာချီလိတ်
ရှမ်းရှေ့ တာချီလိတ်မြို့မှာ ဖမ်းဆီးထားတဲ့ လိုင်စင်မဲ့ကားတွေကို စစ်ကောင်စီတပ်က ပြန်ရွေးခွင့်မပေးလို့ ဒေသခံတွေ အခက်တွေ့နေရပါတယ်။
လိုင်စင်မရှိတဲ့ကားနဲ့ ဆိုင်ကယ်တွေကို သက်ဆိုင်ရာဌာနမှာ လာအပ်ခိုင်းပြီး လာမအပ်တဲ့ သူတွေကို ထောင်ဒဏ် ၃ နှစ် ချမယ်လို့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်မှာ ပြောကြားထားတယ်လို့ တာချီလိတ်မြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူတို့ ဖမ်းမိရင် ကားနဲ့ လူကို တခါတည်း ဖမ်းခေါ်သွားတယ်။ ဆိုင်ကယ်ဖမ်းတာထက် မော်ဒယ်မြင့်တဲ့ ကားတွေကို ပိုရွေးဖမ်းတာ တွေ့ရတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးလို့လဲ မရဘူးပေါ့နော်။ ကျနော် အသိထဲက နှစ်ယောက်လောက်ရှိတယ်။ အခုချိန်ထိ အဆက်အသွယ်မရတော့တာပါ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် ညနေ အချိန်ကစပြီး ဒီနေ့ ဇွန်လ ၁၂ ရက်အထိ တာချီလိတ်မြို့အဝင်အထွက်နဲ့ မိန်းလမ်းတွေမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ နောက်ထပ် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
“ကား ဆိုင်ကယ်တွေကို တားတယ်။ ရပ်ခိုင်းတယ်။ စစ်ဆေးတယ်ပေါ့။ သူတို့တားလို့ မရပ်ပေးဘဲ ဆက်မောင်းရင် ထောင်ဒဏ်မဟုတ်ရင် ငွေဒဏ်အကြီးကြီးတော့ ဆောင်ရမှာပေါ့”
မေလ နောက်ဆုံးပတ်ကစပြီး တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနဲ့ ဆီဆိုင်မြို့တွေအပါအဝင် လိုင်စင်မဲ့ကား၊ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။