ပို့လဘား၊ ဇွန်လ ၁၂ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် ညနေ ၅ နာရီအချိန်မှာ နောင်ချိုမြို့နယ် လုံဝယ်ကျေးရွာကို စစ်ကောင်စီတပ်က ဟောင်ဝေဇာ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူတစ်ဦးက “ညနေပိုင်းမှာ သူတို့ဟောင်ဝေဇာနဲ့ ၃ လုံးလာပစ်တယ်။ လုံဝယ်ရွာမှာ နှစ်လုံးနဲ့ လုံစံရွာမာ တစ်လုံးပစ်လာတယ်။ လုံဝယ်က အမျိုးသားတစ်ဦးထိတာ” လို့ ပြောပါတယ်။
အဆိုပါထိခိုက်ဒဏ်ရာရသူဟာ အသက် ၅၂ နှစ်အရွယ်ရှိတဲ့ ဦးကျော်မင်းဆိုသူဖြစ်ပြီး အဆိုပါအမျိုးသားကို TNLAက ဆေးကုသဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်ကလည်း နောင်ချိုမြို့ပေါ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဘူတာရပ်ကွက်နေ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၄ ရက်ကလည်း စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။