ယာရူစိင်၊ ဇွန်လ ၁၂ ရက်၊ နမ္မတူ
တအာင်းတပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက် ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။
“မနက်အစောကြီး နှစ်ကြိမ် လာချသွားတာ။ ကြဲသွားတဲ့နေရာက ပြီးခဲ့တဲ့ နှစ်တွေက သူတို့ကြဲခဲ့တဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာဘဲ ပြန်ကြဲသွားတာ။ ပထမတစ်ကြိမ်က စာသင်ကျောင်းကို အရင်ကြဲသွားတာ။ ပြန်ပြင်ထားတဲ့ ဘုန်းကြီးကျောင်းလည်းရစရာ မရှိတော့ဘူး။ ထိခိုက်မှုတော့ မရှိဘူးပေါ့”
စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းက ကပ်ရပ် တည်ရှိနေတာဖြစ်ပြီး မန်လီရွာဟာ နမ္မတူ-သီပေါမြို့သို့သွားတဲ့ လမ်းမကြီးပေါ်ကကျေးရွာဖြစ်ပြီး သီပေါမြို့ရဲ့အနီးမှာရှိတဲ့ရွာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က မန်လီကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မန်လီရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဟာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တာဝန်ကျ ဆရာမတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။