မိုင်းရူပ၊ ဇွန်လ ၉ ရက်၊ ကျောက်မဲ
ရှမ်းမြောက် နောင်ချိုမြို့အနီးက တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၇၀၀ နီးပါး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျောက်မဲဘက်ကို စစ်ရှောင်လာတဲ့သူတွေထဲမှာ အဝေရဝါသဘုန်းကြီးကျောင်းမှာ ၄၀ ကျော်၊ တိလင်ပရိယတ္တိစာသင်တိုက်မှာ ၃၀ ကျော်နဲ့ နောင်ပိန်ကြီးရွာမှာ ၆၂၅ ဦးရှိပြီး အစားအသောက်နဲ့ အရေးပေါ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
” အဓိက လိုအပ်တာက ရိက္ခာခြောက်တွေပေါ့။ ဟင်သီးဟင်းရွက်တွေတော့ ရွာထဲမှာ လာလှူတာရှိတယ်။ ဘုန်းကြီးကျောင်းမှာ ရှိထားတဲ့ဟာပဲ စားနေကြတာ” လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီစာရင်းတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ နောင်ပိန်ကြီးစာသင်ကျောင်းမှာ လာရောက်စစ်ရှောင်တဲ့သူတွေရဲ့ စာရင်းဖြစ်ပြီး နီးစပ်ရာဆွေမျိုးတွေဆီမှာ စစ်ရှောင်လာတဲ့သူတွေလည်း ကျန်ရှိနေပြီး စစ်ရှောင်အရေအတွက် ဒီထက်ပိုများနိုင်ပါတယ်။
တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီတပ်က နေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် မြို့အနီးရှိ ဒေသခံတွေနဲ့ နောင်ချိုမြို့တွင်းရှိ လူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒီနေ့ ဇွန်လ ၉ ရက်နေ့အထိ ကံကြီးကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။