မိုင်းရူပ၊ ဇွန်လ ၇ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၆ ရက် ည ၇ နာရီဝန်းကျင်မှာ နောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ဘူတာရပ်ကွက်မှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ဦးအတူဆိုသူ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ဟောင်ဝစ်ဇာနဲ့ ၁၀ လုံး ပစ်လာတာ။ အမျိုးသား ထိသွားတယ်။ ကံကြီးဘက်မှာတော့ တိုက်ပွဲဆက် ပြင်းထန်နေတယ်။ အိမ် ၂ လုံးလည်း ထိမှန်ပျက်စီးတာ ရှိတယ်” လို့ ဖြစ်စဥ်ကိုသိရှိထား နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ ကံကြီးကျေးရွာအထိ ရောက်ရှိလာပြီး TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၇ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ရောက်လာတာကြောင့် မြို့အနီးရှိ ကျေးရွာ ၈ ရွာက ဒေသခံတွေနဲ့ နောင်ချိုမြို့တွင်းရှိ လူထုတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။