မိုင်းရူပ၊ ဇွန်လ ၇ ရက်၊ နောင်ချို
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီး ကံကြီးရွာအထိ ရောက်လာပြီး TNLA ဘက်က အပြင်းအထန်ခုခံနေလို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
မနေ့ ဇွန်လ ၆ ရက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ကံကြီးရွာရဲ့ နေရာအများစုကို ထိန်းချုပ်ခဲ့ပြီး တအာင်းတပ်ဘက်ကလည်း ကံကြီးကျေးရွာလက်မလွတ်ရရေး ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ပြန်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့မှာ စစ်ကောင်စီ ကံကြီးရွာထဲကို ရောက်တာ။ အကုန်တော့ မရသေးဘူး။ TNLA ဘက်လည်း ပြန်ထိုးနေတယ်။ နောင်ချိုမြို့အတွက် စိုးရိမ်ရလားဆိုတော့ ပြောဖို့ စောသေးတယ်။ TNLA ဘက်လည်း လွယ်လွယ်နဲ့ လက်လွတ်ခံမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။
နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ လက်နက်ကြီးတွေ အများအပြားအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သူကဆက်ပြောပါတယ်။
နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေ ရောက်လာတာကြောင့် မြို့အနီးရှိ ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထိုးစစ်ဆင်နေတဲ့ ကံကြီးကျေးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၇ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ လုံခြုံရေးအထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။