ယာရူစိင်၊ ဇွန်လ ၅ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ရှိ စွမ်စော်ရပ်ကွက်မှာ အမျိုးသမီး ၁ ဦး ဓားပြတိုက်ခံရပြီး ဆိုင်ကယ်နဲ့ ဖုန်းပါသွားခဲ့တယ်လို့ ဓားပြတိုက်ခံရတဲ့သူနဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်မှာ မူဆယ်မြို့ စွမ်စော်လမ်း အမှတ် ၁ မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို ကားစီးလာတဲ့ အမျိုးသားတစ်စုက ရှေ့ကနေ ပိတ်ရပ်ကာ သေနတ်ထောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းတွေ ယူသွားခဲ့တာ ဖြစ်ပါတယ်။
“သူက အလုပ်ကိစ္စရှိလို့ စွမ်စော်လမ်းဘက်ကို ဖြတ်သွားတာပါ။ သူပြောပြတာက ဓားပြတွေ အကုန်လုံးက သေနတ် အရှည်ကိုင်ထားတဲ့ သူတွေပဲ။ သူတို့က ဗမာ စကားဘဲ ပြောတာတဲ့။ သူအော်ရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားလို့ မအော်ရဲဘဲ သူတို့ တောင်းတဲ့ ဆိုင်ကယ်နဲ့ ဖုန်းကို ပေးလိုက်ရတာပါ”လို့ ဓားပြတိုက်ခံရတဲ့သူနဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ဆက်ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်ကလဲ မူဆယ်မြို့ ကောင်းမူလွယ်ရပ်ကွက်မှာ လမ်းသွားတဲ့ အမျိုးသမီး ၁ ဦးကို ဆိုင်ကယ်စီးတဲ့ အမျိုးသား ၂ ဦးက ပိုက်ဆံအိတ် လုယက်သွားတယ်လို့ ကောင်းမူလွယ်ရပ်ကွက်နေ သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
“အဲအမျိုးသမီး ပြောပြတာက ပိုက်ဆံအိတ်ပဲ ပါသွားတယ်။ အိတ်ထဲမှာ ပိုက်ဆံ ၅ သောင်းလောက်တော့ ရှိတယ်ပေါ့။ ဒီတလော မူဆယ်မြို့မှာက လုယက်မူနဲ့ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်နေတာ။ ဘယ်နေရာမှ လုံခြုံမှု မရှိတော့ဘူး”
ပြီးခဲ့တဲ့ မေလ ၂၄ ရက်ကလဲ မူဆယ်မြို့ စွမ်စော်လမ်း အမှတ် ၁ မှာ သွားလာတဲ့ အမျိုးသမီး ၁ ဦးကို ကားစီးလာတဲ့ အမျိုးသားတစ်စုက ပါးစပ်ပိတ်၊ သေနတ်ထောက်ပြီး ပိုက်ဆံအိတ်၊ ဖုန်းနဲ့ ရွှေတွေကို ဓားပြတိုက်သွားတဲ့ ဖြစ်စဉ်လဲ ဖြစ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါး၊ လောင်းကစားတွေ ပေါများနေတဲ့ မူဆယ်မြို့မှာ စစ်ကောင်စီအပြင် ပြည်သူ့စစ်ပေါင်းစုံလည်း ရှိနေပြီး မကြာခဏ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာဌာနက အရေးယူလုပ်ဆောင်ပေးတာ မရှိကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။