ပျားကြီး၊ ဇွန်လ ၅ ရက်၊ မန္တလေး
စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ မန္တလေးမြို့မှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံနဲ့ ရဲနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
ရဲမှူး၊ ဒုရဲမှူးအဆင့်ရှိတဲ့ ရဲအရာရှိရဲ့ အိမ်တွေထဲအထိ ဖမ်းဆီးခံရမှု ရှိနေပြီး အထူးစုံစမ်းစစ်ဆေးရေး(စစစ)က တိုက်ရိုက် ကိုင်တွယ်တာဖြစ်တယ်လို့ သိရပါတယ်။
“ကိုယ့်အချင်းချင်းတောင် အထာမထားတော့ဘူးဗျ။ ဘယ်အချိန်ကတည်းက ဖမ်းချင်နေလဲ မသိဘူး။ အိမ်တွေထဲအထိ စာရင်းအတိအကျနဲ့ ဝင်ဖမ်းတာ” လို့ နေပြည်တော်မှ ရဲနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့မှာလည်း ဆိုင်ကယ်တွေကို နေရာအနှံ့ ပိတ်ဆို့စစ်ဆေးမှု ရှိနေသလို နေအိမ်တွေထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ စတင်တဲ့ မန္တလေးမြို့က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေဟာ ၃ ရက်အတွင်း ဆိုင်ကယ်စီးရေ ရာနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရသလို ခြိမ်းခြောက်ငွေညှစ်မှုပါ ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
“ထောင်ထဲ သွားမလား ငွေ ပေးမလားဆိုပြီး ပေါ်တင် မေးတယ်။ ငွေမပေးရင် ထောင်ထဲ သွား ထောင်ကလွတ်ရင် စစ်မှုထမ်းထဲ ရောက်မယ်ဆိုပြီးပြောတာ။ ငွေပေးလိုက်မှ ပြန်လာရတယ်” လို့ မဟာအောင်မြေမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ လိုင်စင်မဲ့ယာဉ် လိုက်လံ ဖမ်းဆီးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲကိုယ်တိုင်က လိုင်စင်မဲ့ယာဉ် စီးနင်းပြီး ဖမ်းဆီးနေတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။